ညောင်ဦးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ညောင်ဦး  စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒေါ်ဇင်ယုခိုင် (ဒုတိယဦးစီးမှူး) ဦးဆောင်သော ဝန်ထမ်းများသည် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ညောင်ဦးမြို့နယ် မဏိ စည်သူဈေးနှင့် ဘုန်းစဉ်အခွန်လွတ်ဈေးတို့တွင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ပထမ(၅)နှစ်စီမံချက်၊ ရည်မှန်းချက်များ၊ (၂၀၁၉-၂၀၂၃) အရ ခိုင်မာ တိကျသောအချက်အလက်များ ကောက်ယူခြင်း၊ အသိပညာနှင့်စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းပညာအခွင့်အလမ်းများ ဖန်တီးခြင်း၊ ဥပဒေကြောင်း ဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အအကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားခြင်းနှင့် ပြန်လည် ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် အခွင့်အလမ်းများရ ရှိစေခြင်း စသည့် စီမံချက်၊ ရည်မှန်းချက်များ ချမှတ်ထားကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားဟူသည်၊ ကလေးအလုပ်သမားပပျောက်ရေး အားလုံးလက်တွဲဆောင်ရွက်ပေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ ပါသော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ