ကွတ်ခိုင် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကွတ်ခိုင်မူလတန်းကြို ကျောင်း၏ ၂၀၂၂-၂၀၂၃ခုနှစ် မိဘဆရာအသင်း နှစ်ပတ်လည်အခမ်းအနားနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မူဆယ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန် (ဒုတိယညွှန်ကြားရေးမှူး)က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မွေးစအရွယ်မှစ၍ ကလေးပယ်များဟာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အခြေခံကျတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ကလေးများကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကို မိဘများကအားပေးပြီး အသိအမှတ်ပြုပေးစေလိုကြောင်း ၊ ကလေးငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တစိတ်ဓာတ်တို့နှင့် ဗလ၊ သုတ အခြေခံကောင်းများဖြင့် မူလတန်းကျောင်းများသို့ ဝင်ရောက်နိုင်ရေးအတွက် ပြုစုပျိုးထောင် ပေးဖို့လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးပြောကြားပြီး ကွတ်ခိုင် မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ကိုယ်စား ဆရာမဒေါ်အေးမုံက မိဘဆရာ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ယင်းနောက် ဉာဏစွမ်းရည်ပြိုင်ပွဲကို မူလတန်းကြိုကျောင်းမှ ကလေးငယ်များက အကြီးတန်းအဆင့်နှင့် အငယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မှုတ်ပန်းချီ၊ ပုံနှိပ်ပန်းချီ၊ ပုံရိုက်ပန်းချီ၊ စိတ်ကူးယဉ်ပန်းချီ၊ လက်ချောင်းပန်းချီတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူတို့က အကဲဖြတ် အမှတ်ပေး ဆုရွေးချယ်ပေးခဲ့ကြသည်။
ဆုချီးမြှင့်ပွဲကိုကျင်းပရာ ဆုရရှိသည့် ကလေးငယ်များအား ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို တာဝန်ရှိသူများ၊ မိဘဆရာအမှုဆောင်အဖွဲ့တို့မှ အသီးသီး ဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)