ဟိုပန်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဟိုပန်    စက်တင်ဘာ     ၁၆

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစိုင်းရွှေထွန်း၊ အတွင်းရေးမှူး ဦးမျိုးကျော်သူ၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းဝင်းတို့က အသီးသီး အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအုန်းဝင်းက လတ်တလော ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် ၍ တစ်ဦးချင်း လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ သိရှိလိုက်နာရေးတို့ကို လည်းကောင်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးအဲလီရှဲက ဆင့်ပွားသင်တန်းဖွင့်လှစ်မည့် အခြေအနေ၊ ဆွေးနွေးပို့ချမည့် ဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆင့်ပွားသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အုပ်စုခွဲကာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ(၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး  ဟိုပန်မြို့နယ် အတွင်းရှိ ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၂၅)ခု တို့မှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်း လမ်းညွှန်ဘာသာရပ်နှင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ဘာသာရပ်တို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး တို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်