လားရှိုး စက်တင်ဘာ ၁၆
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများ အား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ( ၁၆ )ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား (၂၇)ဦး ၊ အမျိုးသမီး(၉)ဦး စုစုပေါင်း (၃၆)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။ အဆိုပါ နေရပ်ပြန် ပြည်သူ(၃၆)ဦးတို့တွင် ကချင်ပြည်နယ်မှ(၃)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး ၊နေပြည်တော်မှ(၁)ဦး ၊ ပဲခူး တိုင်းဒေသကြီးမှ(၁)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၇)ဦး၊ ၊ မန္တလေးတိုင်းဒေသ ကြီးမှ(၁၄)ဦး ၊ ရှမ်းပြည်နယ်မှ(၁)ဦး ၊ ရခိုင်ပြည်နယ်မှ (၃)ဦး ၊ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး တို့ဖြစ်သည် ။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ(၆)ရက်နေ့မှ စက်တင်ဘာလ(၁၆)ရက်နေ့အထိ နေရပ်ပြန် ပြည်သူ အမျိုးသား (၉၈၉၉)ဦး ၊ အမျိုးသမီး(၆၂၆၉)ဦး၊ စုစုပေါင်း (၁၆၁၆၈)ဦးတို့ကို စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရှိရသည်။
နန်းသန္တာဦး (ပြည်နယ်၊ ပြန်/ဆက်)