နောင်ချို စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ လူမှုကူညီရေး အသင်းပိုင် အအေးခေါင်း ဝယ်ယူရန်အတွက် အလှူရှင်များမှ ယနေ့နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသည့် နောင်ချိုမြို့နေ ဦးဝင်းမောင်+ဒေါ်မြင့်မြင့်သိန်း သား ရှင်းသန့်ဝင်းမောင်တို့က ကွယ်လွန်သူ မိခင်ကြီးဒေါ်ခင်အေးအားရည်စူး၍ အလှူငွေကျပ်တစ်သိန်း ၁၀၀၀၀၀/- လှူဒါန်းခဲ့ပြီး ယခင်ရက်များ၌လည်း အလှူရှင်များက အသီးသီးလှူဒါန်းခဲ့ ကြရာ သဖန်းကိုင်း ပရဟိတ ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်းကို ဆရာတော်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ် ထားခြင်း ဖြစ်ပြီး အသင်းအနေဖြင့် မြို့နယ်၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများကို ဆောင်ရွက်ပေးလျက် ရှိသည့် အပြင် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေးလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အသင်းအတွက် အအေးခေါင်းဝယ်ယူရန် ငွေကျပ်၂၈ သိန်းလိုအပ်မှုအပေါ် ဒေသခံပြည်သူ စေတနာရှင်များနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များက လှူဒါန်းခဲ့ကြရာ အလှူခံရရှိ ငွေစုစုပေါင်း ကျပ် ၅၀၂၁၀၀၀/- ရရှိခဲ့ကြောင်း၊ အအေးခေါင်းဝယ်ယူပြီး ပိုငွေများအား နိဗ္ဗာန်ယာဉ် ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)