ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်

ကျိုက်ထို စက်တင်ဘာ ၂

မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား (၁၃၈၄-ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှ ၁၃၈၅-ခုနှစ် ကဆုန်လပြည့်နေ့ ၂၀၂၃ခုနှစ် မေ ၃ ရက်) နေ့ထိ(၇)လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်ကာလတစ်လျှောက် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ် ဘဏ္ဍာတော် ထိန်း‌ဂေါပကအဖွဲ့အနေဖြင့် ဘုရားလာရောက်ဖူးမြော်သူများ အား အခမဲ့တည်းခိုနိုင်ရန် ပြည့်စုံဓမ္မာရုံနှင့် ဆီမီး (၉၀၀၀) ဓမ္မာရုံအားစီစဉ်ထားရှိပြီး မိမိဆန္ဒအ‌ရ အခပေးတည်းခိုနိုင်ရန် ဟိုတယ်များ၊ တည်းခို‌ဆောင်များ ကိုလည်း စီစဉ်ထားရှိကြောင်း သိရသည်။

ထို့ပြင် ကင်မွန်းစခန်း တောင်ခြေတွင် သန့်ရှင်းသည့်ထမင်းဆိုင်များနှင့်အမှတ် တရပစ္စည်းဆိုင်များ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ရင်ပြင်တော်တွင် ဘုရားဖူးများအဆင်ပြေစွာ စားသောက်နိုင်ရန်ထမင်းဆိုင်များ အမှတ်တရပစ္စည်းဆိုင်များကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်၍ ကျန်းမာရေးနှင့် ညီညွတ်သည့်ဆိုင်များဖြစ်စေရန် ကြိုတင်ပြင်ဆင်လျက်ရှိ‌ကြောင်း သိရသည်။

ဘုရားပွဲ‌တော်ကို ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် (၂၀၁၉/၂၀၂၀) ကာလတွင် ရောဂါပိုးပြန့်နှံကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပ နိုင်ခြင်းမရှိ၍ တောင်တော်အားပိတ်ထားခဲ့ရပြီး (၂၀၂၁/၂၀၂၂) ခုနှစ်တွင်ဘုရားပွဲတော်အား ကျင်းပခဲ့ရာ လာရောက်ဖူးမြော်သူ (၄၀၀၀၀၀) ကျော်ခန့်ရှိကြောင်း ယခုနှစ်ဘုရားပွဲ‌တော်ကျင်း ပရာတွင် ဘုရားလာရောက်ဖူးမြော်သူများအား ကိုဗစ်-၁၉ ကူးစက် ရောဂါပြန့်ပွားမှုမရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ Mask များ တပ်ဆင်သွားလာနိုင်ရန် Mask များအခမဲ့ဖြန့်ဝေပေးခြင်း ကိုယ်အပူရှိန်တိုင်းတာခြင်းများ စစ်ဆေးပြီးမှသာ ဘုရားရင်ပြင်တော်သို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ပတ်သက်၍လိုအပ်ပါက ရင်ပြင်တော်တွင် ဖွင့်လှစ်ထားကျန်းမာရေးဌာန(ခွဲ)မှ လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)