တာချီလိတ် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူများပူးပေါင်း၍ တာချီလိတ်မြို့၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်ဇွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များ စာဖတ်ဝိုင်း များ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာ ဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် စာပေချစ်မြတ်နိုးသည့် ကျောင်းသား/ကျောင်းသူလူငယ်များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် "လူငယ်နဲ့ ဇွဲ " စာအုပ်ပါ ၊ "ပျော်ချင်လျှင်စာဖတ်ပါ" ၊ "လူငယ်နှင့် အနာဂတ်"၊ "စာဖတ်လေ တိုးတက်လေ" စသည့် ခေါင်းစဉ်များဖြင့် ဖတ်ကြားဆွေးနွေးပြီး၊ စာဖတ်ခြင်း အကျိုးကျေးဇူးများကို ၎င်းတို့၏ အတွေးအမြင်၊ အသိပညာ၊ ဗဟုသုတများဖြင့် အသီးသီးအပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်