အခြေခံပညာကျောင်းမျာသို့ ကျောင်းကျန်းမာရေး စစ်ဆေးခြင်း ကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

ရမ်းဗြဲ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့် ကုသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်၊ လောင်းချောင်း- အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ ရမ်းဗြဲမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းမြတ်ကျော် (သွားနှင့်ခံတွင်းဆရာဝန်) ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများမှ လိုက်ပါ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ရာတွင် လောင်းချောင်း၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်ပူချိန်တာခြင်း၊ နှာစေး၊ ချောင်ဆိုးနှင့် ကလေးများတွင် ရာသီအလိုက်ဖြစ်‌လေ့ရှိတတ်သော ရောဂါလက္ခဏာများအား စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းများကိုစစ်ဆေးခြင်း ကုသခြင်းတို့ကိုဆောင်ရွက် ပေးကြပြီးနောက် KG တန်း ကလေးငယ်များအား ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှုကိုတိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး KG တန်း ကျောင်းသား/ကျောင်းသူများ၏ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွင် မှတ်တမ်း ရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)