ပင်လောင်း စက်တင်ဘာ ၂၉
"မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်" ဆိုသည့်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ပြီးမိသားစုစီးပွားရေးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများအနေဖြင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းအား စိုက်ဧကပိုမိုစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံအား ၆၄၉၆ ဧကစိုက်ပျိုးထုတ်လုပ်ရန် လျာထားခဲ့သော်လည်း ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီတွင် အမှန်စိုက်ပျိုးနိုင်သည့် စိုက်ဧကမှာ ၆၅၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် တစ်ဧကအတွက် ပြောင်းမျိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုများအတွက် ခန့်မှန်းကုန်ကျစရိတ်မှာငွေကျပ် ၄၉၆၀၀၀ နှင့် လုပ်အားခ အနေဖြင့်ငွေကျပ် ၃၀၇၀၀၀ ဖြစ်သဖြင့်တစ်ဧကအတွက်စုစုပေါင်း ကုန်ကျစရိတ်မှာခန့်မှန်း ငွေကျပ် ၈၀၃၀၀၀ ဖြစ်ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်းအား မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်ဖြင့်ရာသီမှန်အောင်စိုက်ပျိုးနိုင်ပါက တစ်ဧက အထွက်နှုန်းပျမ်းမျှ ပိဿာ ၁၂၀၀ ခန့် ထွက်ရှိနိုင်ပြီး ကာလပေါက်စျေး တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀ နှုန်းဖြင့် ရောင်းချမည်ဆိုပါက တစ်ဧကလျှင်ဝင်ငွေကျပ် ၁၃၂၀၀၀၀ိ/- ရရှိနိုင်မည် ဖြစ်သဖြင့် တစ်ဧကစိုက်ပျိုးသည့် တောင်သူအနေဖြင့် စိုက်ပျိုးသည့်အချိန်မှ သီးနှံရောင်းချနိုင်သည့် ကာလအထိ အကျိုးအမြတ်ငွေကျပ် ၅၁၇၀၀၀ ရှိနိုင်မည်ဖြစ်ကြောင်း၊ ပင်လောင်းမြို့နယ်အတွင်းကျေးရွာ အုပ်စု ၁၃ အုပ်စုမှ စိုက်ပျိုးရေးတောင်သူ ၂၆၁၀ ဦးက နိုင်ငံခြားစပ်မျိုးဖြစ်သည့် NK-621၊ NK-625၊ GT-722 ၊ CP-808 အစေ့ထုတ်ပြောင်းမျိုးများအား စိုက်ပျိုး လျက်ရှိပြီး CP-808 မျိုးအားပိုမိုစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးချိန်တွင် ထည့်သွင်းရမည့်သွင်းအားစုများ မှန်ကန်စွာထည့်သွင်းခြင်း၊ သီးနှံတွင် အဓိက ကျရောက်တတ်သော ဖောငမြောင်တောင်ပိုး ကျရောက်မှုမရှိခြင်း၊ ရာသီဥတုများမှန်ကန်ပါက အထွက်နှုန်း ပိုမိုကောင်းမွန်ပြီး ဝင်ငွေပိုမိုတိုးတက်ရရှိ နိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း လုံးပြင်၊ ထီပေါင်း၊ နန်းတုတ် ကျေးရွာအုပ်စုများတွင် တောင်သူများ အတွက်စိုက်ပျိုးရေးနည်းစနစ်ကောင်းများ၊ မြေသြဇာအသုံးပြုမှုနည်းပညာပေးစံပြကွက် ဧက ၂၀ ဆောင်ရွက်ထားကြောင်း၊ တောင်သူများမှ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်ကောင်းများ ရရှိရေးနှင့်သီးနှံဖျက်ပိုးများ ကျရောက်လာ၍ ရောဂါကာကွယ်ရေးနည်းလမ်းများသိရှိလိုပါက မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ပင်လောင်း)