ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ်

နမ့်ဆန် စက်တင်ဘာ  ၂၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နေ့လည်(၁)နာရီက လူငယ်လူရွယ်အမျိုးသမီးငယ်များ မိမိအိမ်တွင်နေထိုင်ပြီး မိသားစု အပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍  လက်မှုပညာဖြစ်သော ပုစဉ်းခေါင်းပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Youth Club)အဖွဲ့ဝင် ဒေါ်ချိုချိုစန်းက “ပုစဉ်းခေါင်း” ပြုလုပ်ပုံများကို အဆင့်ဆင့် သင်ကြားပြသပေးရာ  သင်တန်းတက်ရောက်သော  အမျိုးသမီးငယ်လေးများက စိတ်ပါဝင်စားစွာ သင်ယူခဲ့ပြီး  နားမလည်သည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ (Club)အဖွဲ့ဝင် များတို့နှင့် ပူးပေါင်းပြီး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ သင်တန်းများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/က်)