မဘိမ်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မဘိမ်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေး ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
စွမ်းရည်မြှင့်သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေး မှူး ဒေါ်ငြိမ်းငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးလင်းထင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်း ဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ ဝင် ဒေါ်ခင်နွယ်က မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်းနှင့်မဲရေတွက်ခြင်း၊ ရလဒ် များထုတ်ပြန်ကြေညာခြင်းနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများအနေဖြင့် အခြားသိသင့်သိထိုက် သည့် ရွေးကောက်ပွဲလုပ်ငန်းပိုင်းဆိုင်ရာများကို အသီးသီးရှင်းလင်းပို့ချပေးပြီး တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများက မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြ ပါသည်။
မဘိမ်းမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်(၃၀)ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ သင်ကြားပို့ချပေးလျက်ရှိပြီး ရွေးကောက်ပွဲဆိုင်ရာနည်းလမ်းများကို စက်တင်ဘာ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)