ပျော်ဘွယ် စက်တင်ဘာ ၂၉
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက မိုးနံကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က နိုင်ငံတော်အနေဖြင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ယခုကဲ့သို့ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ ဖြင့်လာရောက်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၂)ခုမှ တာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူ လူထုနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများ၊ ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်း လင်းဆွေးကြသည်။
ထို့နောက် တက်ရောက်လာသည့်ကျေးရွာပြည်သူများက ကျေးရွာအတွင်းဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့် လုပ်ငန်းများကိုဆောင် ရွက်ပေးနိုင်ရန် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့သည်ကျေးရွာနေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ခံယူနေမှု၊ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံမှု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)