ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန်တော့နိုင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် မြို့ပြလုံခြုံရေးစနစ် (Smart City Project) စီမံကိန်းရှင်းလင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား စက်တင်ဘာ ၂၉

၂၀၂၂ ခုနှစ်‌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ်အခမ်းအနားတွင် ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန်တော့နိုင်ရေးအတွက် ကျင်းပရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအ‌‌ဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ကျင်းပရေးဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သက်ကြီးဘိုး/ဘွားများသည် နိုင်ငံတော်အတွက်၊ ပြည်နယ်အတွက်၊ အမျိုးဘာသာ သာသနာအတွက် ပေးဆပ်ခဲ့ကြသည့်  ပုဂ္ဂိုလ်များဖြစ်၍ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မိမိတို့အတွက် ကောင်းချီးမင်္ဂလာ ရရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ယဉ်ကျေးမှုအရ သက်ကြီးရွယ်အိုများကို အလေးထား သည့် နိုင်ငံဖြစ်သလို လာမည့်သက်ကြီးရွယ်အိုများနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အလေးအနက်ထား လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်းနှင့် မိဘဘိုးဘွားများအား အနှစ်သာရ ပြည့်ဝစွာ ပူဇော်ကန်တော့နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က အခမ်းအနားကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပြည်နယ်အတွင်း သက်ကြီးဘိုး/ဘွားစာရင်းကို ရှင်းလင်း တင်ပြရာ တက်ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်များ၊ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီးတင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ဘိုးဘွားများအား ငွေကြေးနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းထောက်ပံ့မှု ပြည့်စုံလောက်ငှမှုရှိအောင် ပူဇော် ကန်တော့နိုင်ရေး လိုအပ်သည်များကို ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ မြို့ပြ လုံခြုံရေးစနစ် စီမံကိန်း (Smart City Project) စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအား နောင်ရိုးနည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများက စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်း အနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တရားဥပဒေစိုးမိုးရေး၊ ဒေသခံများနှင့် နိုင်ငံ့ဝန်ထမ်းများ လုံခြုံ အေးချမ်းမှုရှိစေရေးအတွက် Safe City Project နှင့် Smart City Project စီမံကိန်းလုပ်ငန်းများသည် ရေရှည်ဖွံ့ဖြိုးတိုးတက်သော မြို့ပြများ ဖြစ်ပေါ်လာစေရေး မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ရွက်သွား ရမည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နောင်ရိုးနည်းပညာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက မြို့ပြလုံ‌ခြုံရေးစနစ် စီမံကိန်းနှင့် (Smart City Project) စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများအပေါ် သိလိုသည် များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သုံးသပ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)