ဇမ္ဗူသီရိမြို့နယ်၊ ဓာတုစယဓာတ်ပေါင်းစုစေတီတော်၌ မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၂၉

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိ မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီတွင် ဓာတုစယဓာတ်ပေါင်းစုစေတီတော်၊ အဘိသန္နဗိမာန်တော်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ပဓါနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ် အမှူးပြုသည့်  ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားသို့ နေပြည်တော်တိုင်း သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်ပရိတ်သတ်များက ဇမ္ဗူသီရိမြို့နယ် သံဃနာယကအကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်းခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ပဓါနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ဆရာတော် သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ် သတ်များက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ(၂၄)ရက်နေ့မှ(၂၈)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)