ဆီဆိုင် စက်တင်ဘာ ၁၆
ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်ငန်းများဆောင်ရွက်သည့်အခါ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား အထွေထွေရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ယုဇနခန်းမ တို့၌ နှစ်နေရာခွဲ၍ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးအောင်ကျော်နိုင်က သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဉပဒေ၊ နည်းဉပဒေများနှင့် လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာလေ့လာစောင့်ကြည့်မှုများကို စီမံခန့်ခွဲခြင်း၊ မီဒီယာနှင့် ဆက်သွယ် ပြန်ကြားခြင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ စသည့်သင်ခန်းစာများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များတို့မှ စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်နေ့ထိ ၂ ရက်တာဖြင့် ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)