ကွမ်းလုံ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် နှစ်သုတ်ခွဲ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းလှအေးမှ သင်တန်းဖွင့်လှစ်ဆောင်ရွက်မှုများနှင့် သင်ကြားပို့ချပေးသွားမည့် အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘုန်းမြင့်က ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူတို့က သင်ခန်းစာများ ပို့ချပြီး ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရှိလိုသည်များကို တာဝန်ရှိသူတို့က ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။ ကွမ်းလုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု(၃၁)စုတွင် မဲရုံပေါင်း(၅၈)ရုံရှိရာ မဲဆန္ဒပေး ပိုင်ခွင့် ရှိသူ(၃၆၇၀၅)ဦးရှိပြီး ကွမ်းလုံမြို့နယ်တွင် နိုင်ငံရေးပါတီ(၆)ခုရှိသည့်အနက် ပါတီ(၅)ခုမှ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပါသည်။ အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁၀)ဦး၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်(၅)ဦးနှင့် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦး ရှိကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)