နောင်ချိုမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ(၈၅)ဦး နှင့် အရန်(၂)ဦး ခန့်အပ်သွားမည်

နောင်ချို    စက်တင်ဘာလ ၁၆ ရက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်  ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် နောင်ချိုမြို့နယ်တွင်  အထူးရဲ (၈၅)ဦးနှင့် အရန် (၂)ဦး ခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တွင် မဲရုံ (၃၉)ရုံ နှင့် အမှတ် (၂)တွင် (၄၃) ရုံ  စုစုပေါင်း လျာထားမဲရုံ (၈၂) ရုံ ရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ (၈၅)ဦးနှင့်အရန် (၂)ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ အထူးရဲများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး  ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေးကို ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့များအနေဖြင့်လည်း ရွေးကောက်ပွဲ ကာလအတွင်း မဲဆန္ဒရှင်များ အားနှောက်ယှက်ဟန့်တားမှု မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရွေးကောက်ပွဲအတွက်အထူးရဲများကို၂၀၂၀ပြည့်နှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၂၈)ရက် နေ့အထိသင်တန်းပို့ချကာ အောက်တိုဘာ(၁) ရက်နေ့မှနိုဝင်ဘာလ(၁၅)ရက်နေ့အထိ ရက်ပေါင်း (၄၆) ရက်ခန့်အပ်တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲချိန်တွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပြီးဆန္ဒရှိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအဖြစ်ဆက်လက်ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထွေးငယ်၊နောင်ချိုပြန်/ဆက်