တံတားဦး စက်တင်ဘာ ၂၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)ဦးနှင့်အထက် သက်ကြီးဘိုးဘွားများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်ဖြစ်သော (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) တို့အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင်ခံစားခွင့်ရှိ အဘိုးအဘွားများကို ယနေ့နံနက် (၁၁) နာရီက မြိူ့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက ပြောကြားရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွားများ အိမ်သွားရောက်ပြီး အဘိုးအဘွားများအား ထောက်ပံ့ပေးစေလိုကြောင်း၊ နိုင်ငံတော်မှ အသက်ကြီးအဘိုးများကို လစဉ် ထောက်ပံ့ပေးနေပါကြောင်း၊ ဒါ့အပြင် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ်ဖြစ်သော (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) တို့အတွက် တစ်လလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလစာကိုထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် မိမိတို့ရပ်ကွက်ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားမကျန်ရှိရေး စနစ်တကျစာရင်းကောက်ယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးစေလိုကြောင်း ပြောကြားပြီး တာဝန်ရှိသူများက ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများ ပေးအပ်သည်။
တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်(၃)ရပ်ကွက် ကျေးရွာအုပ်စု(၆၁)တွင် နိုင်ငံတော်မှ လစဉ် ထောက်ပံ့ပေးနေသည့် လူမှုပင်စင်ခံစားခွင့်ရရှိသော အသက်(၈၅)နှစ်အထက် အသက်ကြီး အဘိုးအဘွား (၉၈၅) ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၉,၅၅၀,၀၀၀) ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း သိရှိရသည်။
ရဲတင့်