ရပ်စောက် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ကျောင်းသား လူငယ်များ စာဖတ်ရှိန်မြှင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးဖတ်ရှုလာတတ်စေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် ကျောင်းသား လူငယ်များ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာပေလေ့လာ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အသိပညာဗဟုသုတများနှင့် စာအုပ်စာပေများကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဘောလုံးပစ်ကစားခြင်းများကို ပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်