မြောက်ဥက္ကလာပ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများထားရှိရန် Quarantine Centreကို (၂)ရပ်ကွက် မယ်လမုသုံးထပ်ဓမ္မာရုံတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာ ဥမ္မာစိန်က သုံးထပ်ဆောင်အတွင်း Quarantine ဝင်ရောက်မည့် ပြည်သူများကို သက်မှတ်ညွှန်ကြားချက် အကွာအဝေးအတိုင်း စနစ်တကျထားနိုင်ရန် နေရာများ ရှိ/မရှိ၊ အိမ်သာနှင့် ရေချိုးခန်းများ သုံးစွဲရာတွင် အဆင်ပြေခြင်းရှိ/မရှိ၊ လိုအပ်သည့် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ အစားအသောက်အစီအစဉ်များ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ရောဂါကူးစက်မှုမရှိစေရေး ဆောင်ရွက်ထားမည့် အစီအစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမည့် အစီအစဉ်များကို Quarantine Centre တွင် ပူးပေါင်းဆောင်ရွက်မည့် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီအဖွဲ့ များအား ပြောကြားပြီး ပရဟိတအသင်းများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)