ဝိုင်းမော် စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ရည်မွန်လှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ (၃)ဦးတို့မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေနည်းဥပဒေများ၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ မဲဆန္ဒနယ်ပြင်ပ ရောက်သူများ ကြိုတင်မဲပေးနိုင်ရေးအတွက် မဲစာရင်းပြုစုခြင်း၊ မဲစာရင်း ရေးသွင်းခြင်း၊ မဲစာရင်း ရေတွက်ခြင်း၊ မဲစာရင်းထုတ်ပြန် ခြင်း၊ မဲရုံကိုယ်စားလှယ်လောင်းနှင့် အကူကိုယ်စားလှယ် ခန့်ထားခြင်း၊ မဲရုံပိတ်ချိန်တွင် ရောက်ရှိလာသော မဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်း၊ မဲပေးရန်ပြင်ဆင်ခြင်းနှင့် လုံခြုံရေးတာဝန် ပေးအပ်ခြင်း စသည့် သင်ခန်းစာများကို စက်တင်ဘာလ(၁၅)ရက်နေ့မှ (၁၈)ရက်နေ့ထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ် သင်ကြားလျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ (၃၀)ဦးတက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)