အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ် စိစစ်ချထားပေး

နောင်ချို    စက်တင်ဘာလ ၁၆ ရက်

 

နောင်ချိုမြို့နယ် စည်ပင်သာယာရေးဌာန၏ သားသတ်လုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်အတွက် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်စနစ်ဖြင့် စိစစ်ချထားပေးခြင်းအခမ်းအနားကို နောင်ချိုမြို့နယ်ခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်က အသားထုတ်လုပ်ရောင်းချခြင်း လုပ်ကိုင်ခွင့်စိစစ်ခြင်းဆိုင်ရာ စည်ကမ်းချက်များနှင့် အသားထုတ်လုပ် ရောင်းချခွင့် လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးရာတွင် အသားထုတ်လုပ် ရောင်းချခွင့်လက်မှတ် လုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချရန်၊ သတ်မှတ်ထားသောသားသတ်ရုံတွင်သာ သားသတ်ရန်၊ သားမသတ်မီ သားကောင်အား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စစ်ဆေးမှုရရှိပြီးမှသာလျှင် သားသတ်ရန်၊ သတ်ဖြတ်ရန်သတ်မှတ် ပေးထားသော သားကောင်ကိုသာလျှင် သတ်ရန်၊ Digital ချိန်ခွင်ကိုသာ အသုံးပြု၍ ရောင်းချရန် စသည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုက်နာမှုမရှိပါက သားသတ်ဥပဒေ/ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ သားသတ်လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ်စနစ်ဖြင့် စိစစ်ချထားရန် လျှောက်ထားသူများသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိ/မရှိအား    အသားထုတ်လုပ်ရောင်းချခွင့် စိစစ်ချထားရေးအဖွဲ့မှ လျှောက်ထားသူတစ်ဦးချင်းအလိုက် စိစစ်ခြင်းများ ဆောင်ရွက်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များအား တက်ရောက်လာသော တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွေးငယ်၊နောင်ချိုပြန်/ဆက်