တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းဆောင်ရွက်

တန့်ယန်း စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန်အတွက် ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းလုပ်ငန်းနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်ရန် ကျန်းမာရေးစစ်ဆေးခြင်းအား  စက်တင်ဘာလ ရက်နေ့ နံနက်ပိုင်းက “အောင်မင်္ဂလာ”ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မွန်းလွဲညနေပိုင်းက “အကယ်ဒမီ” ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆောင်ရွက်ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေး တို့ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ထိုးနှံပေးကြရာ ကျောင်းအသီးသီးမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများက လိုအပ်သည်များအား ကူညီဆောင်ရွက် ပေးကြပြီး “အောင်မင်္ဂလာ” ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် Mask (၃၁၅၀)ခုကို ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ယနေ့အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၅၁)ဦးအား ထပ်ဆောင်း (Booster Dose) ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။       

မင်းလွင်ဦး(ပြန်/ဆက်)