မိုးညှင်း စက်တင်ဘာ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအား စာပေယဉ်ကျေးမှုတွင် ထူးချွန်ထက်မြက်ရုံသာမက အားကစားကဏ္ဍဟာလည်း မရှိမဖြစ် အရေးပါသည့် အခန်း ကဏ္ဍမှာ ပါဝင်သည့်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်သရဖူခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးကိုယ်စား ဒေါ်စန်းစန်းဝင်းက အဖွင့် အမှာစကားပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေး က လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တ စသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ဇင်ဦးက အားကစားဆိုတဲ့ ကဏ္ဍ(၃)ရပ်ဟာ မရှိမဖြစ်အရေးပါသည့် အခန်းကဏ္ဍမှာပါဝင်တာဖြစ်လို့ အားကစားလှုပ်ရှားမှုနှင့် ပတ်သက်၍ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် ထက်မြက်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်မှ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း(၁၆၀)ဦး ပါဝင်တက်ရောက်ခဲ့ကြပြီး အဆိုပါ အသိပညာပေးဟောပြောပွဲကို ကျန်ရှိနေသည့် အခြေခံ ပညာအထက်တန်းကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးနှင့် ပတ်သက်၍ ဆက်လက်ဟောပြောသွား မည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(မိုးညှင်း)