သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

သင်္ဃန်းကျွန်း စက်တင်ဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ငမိုးရိပ်ကွက်၊ လေးထောင့်ကန်လမ်းနှင့် သံသုမာလမ်းထောင့်ရှိ ငမိုးရိပ်ဈေးတွင် ယမန်နေ့နံနက်(၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါရောဂါပိုးစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ လမ်းသွားလမ်းလာခရီးသွားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်းသိရသည်။ 

ထိုသို့ Mask Campaign များကို စစ်ကြောင်းကြီး(၅)ကြောင်းပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ်လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့်  ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျဝတ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများကလဲ နှာခေါင်းစည်း Mask ဝတ်ဆင်ပြီးမှ ဝယ်ယူကြစေရေး၊ ကျောင်းသား၊ ကျောင်းသူများလည်း နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရေး အသိပညာပေး ပြောကြားလျက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးကာ အသံချဲ့စက်များဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး Mask Campaign ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုဘုန်း(သင်္ဃန်းကျွန်း)