တောင်ဥက္ကလာပ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့နံနက်(၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါပိုးစောင့်ကြည့်ထိန်းချုပ်နိုင်ရေးနှင့် ရဟန်းရှင်လူ၊ ဈေးရောင်း၊ ဈေးဝယ်သွားလာနေကြသော မိဘပြည်သူများ၊ အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသော ဒေသခံပြည်သူများ နေအိမ်မှပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ကြီးကြပ်မှုဖြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် ပြည်သူများလိုက်နာကြရန်နှင့် နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်ရေးအသိပညာပေးကာ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)