တွံတေး စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စက်တင်ဘာလဆန်းမှစတင်၍ ကိုဗစ်-၁၉ (Positive)လူနာစတင်တွေ့ရှိလာသဖြင့် တွံတေးမြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း(ဗဟို)မှ ကိုဗစ်-၁၉ ရောဂါအကာအကွယ်ဝတ်စုံဖြစ်သော PPE ဝတ်စုံများလှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဒေါက်တာကြီးအောင်က မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဗဟို)မှ တွံတေးမြို့နယ်သို့ရောဂါအကာအကွယ်ဝတ်စုံ PPE ဝတ်စုံ(၂၀၀)စုံ လှူဒါန်းမှုနှင့် ပတ်သတ်၍ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌထံ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌက PPE ဝတ်စုံများအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ လှူဒါန်းပွဲသို့ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ ဆက်)