ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး အသိပညာပေးပိုစတာများ စိုက်ထူ

ကျောက်ဆည်  စက်တင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေးနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး စက်တင်ဘာ(၂၇)ရက်နံနက်(၈)နာရီက မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် လူစည်ကားသည့် နေရာ(၇)နေရာတွင် အသိပညာပေး ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။

အသိပညာပေးပိုစတာများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသည့်တိုင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ ပါးစပ်နှင့်နှာခေါင်းစည်းကိုတပ်ဆင်ပါ၊ ချောင်းဆိုးနှာချေသည့်အခါ တံတောင် ဆစ်ကွေးဖြင့် ကာထားပါ၊ လေဝင်လထွက်ကောင်းမွန်စေရန် ပြတင်ပေါက်များ ဖွင့်ထားပါ၊လက်များကို မကြာခဏဆေးကြောသန့်စင်ပါ၊ မိမိကိုယ်ကို ကာကွယ်ပါ၊ အခြားသူများကိုလည်း ရောဂါပိုးမကူး စက်၊မပျံ့နှံ့စေရန် ကာကွယ်ပါ၊ မျိုးရိုးဗီဇကွဲအသစ်များ ကူးစက်ခြင်းမှ ကာကွယ်ပါ၊ ကူးစက်ပျံ့နှံ့မှု ကွင်းစက်ကို ဖြတ်တောက်တားဆီးပါ၊ ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဘေးကင်းစေရန် ကာကွယ်ပါ၊ တတ်နိုင်သမျှ မိမိအိမ်တွင်နေပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ပါ၊ ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေအကွာ နေထိုင်ပြောဆိုဆက်ဆံပါ၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(mask)ကို စနစ် တကျ မပျက်မကွက်တပ်ဆင်ပါ၊ လက်တွင်ကပ်ပါ လာနိုင်သော ဗိုင်း ရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ အနည်းဆုံးစက္ကန့် (၂၀)ကြာ ဆေးကြောပါ၊ ရောဂါဖြစ်ပွားရာဒေသမှ လာသူများအားအသွားအလာကန့်သန့်၍ စောင့်ကြပ် ကြည့်ရှုခြင်း၊ (Quarantine)လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန်နှင့် တရားမဝင် ဝင်ရောက်လာသူများတွေ့ရှိပါက မဖြစ်မနေသတင်းပို့ပါ စသည့် အသိပညာပေးအကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် အသိပညာပေးပိုစတာများကို အများပြည်သူများ ထင်သာမြင်သာရှိသည့် ကျောက်ဆည်မြို့ မြောက်ဘက်အဝင် ဆင်နှစ်ကောင်ပန်းခြံနှင့် မြို့အတွင်းရှိပြည်သူ့ပန်းခြံ၊ မြို့မဈေး၊ အေးမြကြည်လင်ဈေး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့တော်ခန်းမရှေ့ ဝဲ/ယာ  စသည့် နေရာ(၇)နေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲဝင် ဗိုလ်မှူးကျော်ဘထွန်းနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်မောင်လွင်နှင့်တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း စိုက်ထူခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)