တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

တွံတေး စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍   ပါးစပ်၊ နှာခေါင်းစည်း(Mask)တပ်ဆင်ရေး Mask Campaign ယမန်နေ့နံနက် ၈ နာရီက တွံတေးမြို့လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သည့် စည်ပင်သာယာမြို့မစျေးတွင် စျေးရောင်းချသူများ၊ စျေးဝယ်သူများ၊ ခရီးသွားပြည်သူများအား နေအိမ်ပြင်ပထွက်ခွာသည့် အခါတိုင်းပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ စျေးရောင်းချသူများ၊ စျေးဝယ်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ဆောင်ရွက်ကြရန်စသည်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask )များ အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ကို တွံတေးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တွံတေးသား