ကျောက်တော်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကျောက်တော် စက်တင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယနေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲတွင် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ပေးနေမှု အခြေအနေတို့အား တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောက်တော်မြို့နယ်ဥပဒေအရာရှိ ဦးညိုမင်းနိုင်က ကလေးအလုပ်သမားပပျောက်ရေးအတွက် မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှုအခြေ အနေများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား အသက်အရွယ်၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဥပဒေရေးရာနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှု၊ ကလေးသူငယ်များအား ခိုင်းစေခြင်းအတွက် တားမြစ်ချက်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ကလေးသူငယ်များကို အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်စေခိုင်းခြင်း၊ ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှုများပပျောက်ရေး၊ ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်တို့ ပါဝင်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)