ကိုဗစ်ကာလ နေအိမ်ပြင်ပ ထွက်ခွာသူများနှာခေါင်းစည်း Mask တပ်၍ သွားလာလျက်ရှိ

သန်လျင်   စက်တင်ဘာ  ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉အတည်ပြု ပိုးတွေ့လူနာများ ရှိနေခြင်းကြောင့် အများပြည်သူသွားရာ လမ်းများပေါ်တွင် ပြည်သူများနှာခေါင်းစည်း Mask များ တပ်ဆင်သွားလာလျက်ရှိသည်ကို တွေ့ရသည်။

ထို့အပြင် ရပ်ကွက်များရှိ လမ်းထိပ်များတွင် ကိုဗစ်ကာကွယ်ရေး သတိပေးလမ်းဖြတ်ပိုစတာများ ချိတ်ဆွဲထားရှိပြီး လမ်းထိပ်တိုင်းတွင် လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးနှင့် နှာခေါင်းစည်း Mask များ ချထားပေးလျက်ရှိသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မြင့်တက်နေချိန်တွင် လမ်းမအသီးသီး၌ အပြင်ထွက်သူ နည်းပါးလျက်ရှိပြီး မဖြစ်မနေ လိုအပ်ချက်ရှိသူများ သွားလာလျက်ရှိသည်ကို တွေ့ရသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)