နမ့်ဆန် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သွေးတိုးရောဂါအကြောင်းအသိပညာပေး Talk Show ကိုယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးက TalkShow ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းခြင်း၊ သွေးတိုးရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ အသက်ကြီးသူများတွင် အကြောင်းရင်းခံမရှိဘဲ သွေးတိုးရောဂါဖြစ်နိုင်ပြီး အသက်ငယ်သူ များတွင် အခြားအရင်းခံတစ်ခုခုကြောင့် သွေးတိုးနိုင်သည်။ အငန်၊အဆီနှင့်ဟင်းချိုမှုန့် အစားများလွန်းခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်၊ အရက်သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကာကွယ်နိုင်မည့် နည်းလမ်းအကြောင်းအရာများဖြစ်သော အမျှင်ဓာတ်နှင့် ဗီတာမင်များပြီး လတ်ဆတ်သော သစ်သီးဝလံ ဟင်းသီးဟင်းရွက် များများစားသုံးခြင်း၊ နို့နှင့် ဒိန်ချဉ်များကို အဆီဓာတ်ထုတ်၍ စားသုံးခြင်း၊ အငန်ဓာတ်များသော ငါးပိ၊ ငံပြာရည်တို့ကိုရှောင်ခြင်းစသည့် အကြောင်း အရာများကို ဆွေးနွေးခဲ့သည်။
နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း သိရပါသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)