ပျော်ဘွယ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပျော်ဘွယ် စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁) နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်တွင် “ကလေးအလုပ်သမား” ၏ အဓိပ္ပါယ်ရှင်းလင်းချက်၊ “ကလေးအလုပ်သမားပပျောက်ရေး အားလုံးလက်တွဲဆောင်ရွက်ပေး” ဟူသော ဆောင်ပုဒ်၊ “ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် ကလေးအလုပ်သမားပျောက်ရေး” ဆောင်းပါး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေး ပထမ(၅)နှစ်စီမံချက်၏ ရည်မှန်းချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်ချက် (၃) ရပ် စသည်တို့ပါဝင်ကြောင်း သိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်အတွက်သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)