တွံတေးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေး

တွံတေး      စက်တင်ဘာ        ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရှိန်အဟုန်မြှင့်ဆက်လက် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် တွံတေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသောဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပရဟိတအသင်းတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် ဦးစားပေးအလိုက် စီစဉ်ဆောင်ရွက်ထားရှိပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဆေးထိုးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး တွံတေးမြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက် ဆေးထိုးရန်အကျုံးဝင်သူ (၁၇၅၈၁၆)ဦးတွင် ယမန်နေ့အထိ ပထမအကြိမ်ထိုးနှံပြီးသူ(၁၇၁၉၁၈)ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ(၁၂၀၄၉၃)ဦး၊ Booster Dose (ထပ်ဆောင်း) Third Dose ထိုးနှံပြီးသူ(၁၁၀၆၁)ဦးရှိ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိကျောင်းသား၊ ကျောင်းသူ(Booster Dose)ထိုးနှံပြီးသူ (၁၈၉၆၁)ဦးရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၉၇.၇၈% ရှိကြောင်းသိရှိရသည်။

တွံတေးသား