ရန်ကင်း စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကင်းမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ အားကစားအသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရန်ကင်းမြို့နယ်အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/သူ လူငယ်များနှင့်ပတ်သက်သည့် ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ ဉာဏ်ရည်ထက်မြက်စေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာခြင်းသုခများစွာကို ရရှိစေနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် အသိပညာပေးအစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကင်းမြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ခံနည်းစနစ်မှူးမှ အားကစား၏အဓိပ္ပယ်၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ ယှဉ်ပြိုင်အားကစား၊ လူထုအားကစားဟူ၍ အားကစားနည်း(၄)မျိုး၏ အသေးစိတ်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ အမှတ်(၅)အခြေခံ ပညာမူလတန်း ကျောင်းအတွက် အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက်အခမ်းအနားသို့ ရန်ကင်းမြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ အမှတ်(၅)ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)