မိတ္ထီလာ စက်တင်ဘာ ၂၇
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများမှအသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး နှာခေါင်းစည်း ၂၅၀၀ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်က ရန်ကုန်-မန္တလေးကားလမ်း စည်ပင်သာယာစျေးကြီးအနီးတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ပြီး ဌာနဆိုင်များမှ ကိုဗစ်-၁၉ရောဂါကြောင့်ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု့ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်မြသန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ အမှ(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း၍ ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါကနှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်နှင့် လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းလက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သက်ကိုင်တွယ်ခြင်း မပြုလုပ်ရန်စသည့် သတိထားလိုက်နာရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask) ၂၅၀၀ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)