အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့်(၁)စစ်ဆေးအကဲ ဖြတ်ခြင်း သင်တန်းဆင်းပွဲကျင်းပ

မုဒုံ စက်တင်ဘာ ၂၇

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားကျွမ်းကျင်မှုစံပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တို့  ပူးပေါင်းဖွင့်လှစ်ခဲ့သည့်  အမျိုးသားအဆင့်  ရော်ဘာအစေးခြစ်  လုပ်သားကျွမ်းကျင်မှုအဆင့် (၁) သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင့်နိုင်က ရော်ဘာစိုက်ပျိုးမှုဖြစ်ထွန်းသောဒေသအသီးသီးရှိ ရော်ဘာစိုက်တောင်သူများ၊ အစေးခြစ်လုပ်သားများ နည်းစနစ်ကို သေချာသိရှိစေပြီး စီမံခန့်ခွဲခြင်းအားဖြင့် ရော်ဘာအထွက်နှုန်းတိုးလာကာ သက်တမ်းပြည့် အစေးထုတ်ယူနိုင်စေရန်နှင့်  Skill

Labour များမွေးထုတ်ပေးခြင်းဖြင့် ရော်ဘာစိုက်တောင်သူများ အစေးခြစ်လုပ်သားများ၏ လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးပညာရှင် ဆရာကြီးဦးဝင်းတင်မှ ရော်ဘာပင်အားစနစ်တကျအစေးခြစ်ပြီး အစေးစုသိမ်းခြင်း​ဖြင့် ရော်ဘာပင်ထိခိုက်မှုမရှိ၍ စီးပွားရေးသက်တမ်း နှစ်(၃၀) အထိအစေးခြစ်နိုင်ပြီး အပင်ခုတ်လှဲပါက ရော်ဘာသစ်အဖြစ် ပြန်လည်ရောင်းချနိုင်သည့်အတွက် ရော်ဘာစိုက်တောင်သူများ ဝင်ငွေပိုမိုရရှိမှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို စိုက်ပျိုးရေးပညာရှင်နည်းပြများမှ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကရင်ပြည်နည်၊ မွန်ပြည်နယ်တို့မှ အစေးခြစ်လုပ်သား သင်တန်းသား/ သူ (၃၀)ဦးအား (၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး  စစ်ဆေးအကဲဖြတ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)