ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကူညီစောင့်ရှောက်ပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို သြဂုတ်လ ၁၆ရက်နေ့ ကိုဗစ်-၁၉ရောဂါပြည်တွင်းကူးစက်မှု ပြန်လည်စတင်ဖြစ်ပွားချိန်မှစ၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ၊ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိရေး ကာကွယ်ရေးလုပ်ငန်းများနှင့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရှိ ရပ်ကွက်များအတွင်း ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များအား ညစဉ်အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်း၊ လူအသွား အလာများသည့်နေရာများ၊ စျေးများ၊ ကားမှတ်တိုင်များ၊ လူအဝင်အထွက်များသည့် နေရာများ၌ Mask Campaign အသိပညာပေးခြင်းများ၊ ရပ်ကွက်များအတွင်းရှိ Main လမ်းမများနှင့် လမ်းသွယ်များတွင် အဝင်အထွက်ဂိတ်များ ထားရှိပြီး မော်တော်ယာဉ် အဝင်အထွက်များ၊ ခရီးသွားရာဇဝင်များ ရယူခြင်း၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်းရှိမရှိ စစ်ဆေးခြင်း၊ အပူချိန်တိုင်းစက်များဖြင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုဖြစ်ပွားခဲ့သည့် လမ်းများအား ပိုးသတ်ဆေးဖျန်းခြင်း၊ lock down ချခံထားရသည့် လမ်းများအတွင်းနေ အိမ်ထောင်စုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်စေပြီး စားဝတ်နေရေး ပြေလည်စေရန် အလှူရှင်များ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကူညီစောင့်ရှောက်ပေးခြင်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)