မင်္ဂလာဒုံ စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်သပြေညို ပညာဒါနအသင်းခန်းမ၌ (အခမဲ့)အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံကွန်ပျူတာနည်းပညာများကို သင်တန်းနည်းပြဆရာ ဦးညီညီလွင်နှင့် ဆရာမ ဒေါ်ဆုသန္တာဆန်းတို့က ကွန်ပျူတာနည်းပညာများကို စိတ်ဝင်စားသည့် လူငယ်လူရွယ် (၃၆) ဦးတို့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၉) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၁၈) ရက်ကြာ နေ့စဉ်နံနက် (၉)နာရီမှ မွန်းလွဲ(၃)နာရီအထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် သပြေညို ပညာဒါနအသင်း နာယက ဦးခင်ထွန်း က သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် အခြေခံကွန်ပျူတာနည်းပညာများကို ဆက်လက်လေ့ကျင့်အသုံးချသွားရန် အမှာစကားပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်၊ ဒုဥက္ကဋ္ဌ ဦးခင်စိုး၊ အတွင်းရေးမှူး ဦးနေဆန်းနှင့် တာဝန်ခံ ဦးဝင်းမြင့်တို့က သင်တန်းသား/သူများကို သင်တန်းဆင်းဂုဏ်ပြုလွှာ များပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ)