နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်

နေပြည်တော်  စက်တင်ဘာ ၂၆

သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း နေပြည်တော်သက်ကြီး ရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။

နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများ အကျိုးစီးပွားကို ရှေးရှု၍ မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ကာ  ဦးစားပေးဆောင်ရွက် နေလျက်ရှိသဖြင့် သက်ကြီးရွယ်အိုများအတွက် ခွန်အားဖြစ်စေမှာဖြစ်ကြောင်း၊ သက်ကြီး ရွယ်အိုများအတွက် အခြေခံစာဝတ်နေရေး လှုပ်ရှားသွားလာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရေးတို့ကို ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့ အစည်းများပူးပေါင်းပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)