ဟိုပန်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေး ထောက်ပံ့မှု အစီအစဉ် (MCTT) အား သိရှိလိုက်နာရန် အသိပေးနှိုးဆော်

ဟိုပန်     စက်တင်ဘာ     ၁၆

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေး ထုတ်ယူရာတွင် အကျိုးခံစားခွင့်ရှိသူများ သိရှိလိုက်နာရန် အချက်များအား (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးသက်နှင့် ဝန်ထမ်းများက ရွှေဝါ၊ ရုံးကုန်း ၊ မိန်းပန်း(၀) ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ထောက်ပံ့ကြေး အကျိုးခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် ကလေးများအား (၉-၉-၂၀၂၀)ရက်နေ့တွင် စတင်၍ ထောက်ပံ့ကြေး ပေးနေခြင်းဖြစ်ပြီး (၁)လလျှင် (၁၅၀၀ဝိ/)နှုန်းဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ထောက်ပံ့ကြေးကို KBZ pay မှ တစ်ဆင့် ပေးခြင်းဖြစ်ပြီး မိမိဖုန်းတွင် KBZ pay မှ ဝင်လာသော Massage များကို သတိထား စောင့်ကြည့်ရန် လိုအပ်ကြောင်း ၊ Massage ဝင်ရောက် လာလျှင် KBZ pay ကိုယ်စားလှယ်ဆိုင်များတွင် (၂၀-၉-၂၀၂၀)ရက်ထက် နောက်မကျပဲ အမြန်ဆုံး ထုတ်ယူကြရန်၊ Massage ကို ဖျက်မိသူများ အနေဖြင့် MPT ဆင်းကတ်အသုံးပြုသူ ဖြစ်ပါက KBZ pay ၏ Hotline နံပါတ်နှင့် အခြားဖုန်း ကိုင်ဆောင်လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ် တို့ကို အသိပေးနှိုးဆော်ခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေးထောက်ပံ့မှုအစီအစဉ် (MCTT)နှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင် များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်