မိုင်းပျဉ်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများ အရောက် ကွင်းဆင်းဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဟောင်ကန် ကျေးရွာအုပ်စု၊ ဝမ်ယမ်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူမိုးက မိုင်းပျဉ်း မြို့နယ်ရှိ ကျေးရွာများ၌ တရားဉပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးမှူးက မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် လေ့ကျင့်ပညာပေးခြင်းစသည့် လုပ်ငန်းကြီး(၃)ရပ်အကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် သီးနှံများစိုက်ပျိုးကြရေး၊ သဘာဝမြေသြဇာပြုလုပ်နည်းအကြောင်း၊ မြေစာရင်းဦးစီးမှူးက မြေယာဉပဒေအကြောင်း၊ ကော်မရှင်ဦးစီးအရာရှိက ရွေးကောက်ပွဲဆိုင်ရာများ၊ PR အချိုးကျ ကိုယ်စားပြုစနစ် အကြောင်း၊ မြို့နယ်လဝကမှ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ကြရေး၊ ကျေးလက်ဦးစီးမှူးက မြစိမ်းရောင်လုပ်ငန်းများ၊ သစ်တောဦးစီးမှူးက နှစ်ရှည်ပျိုးပင်များ အခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပညာရေးဌာနမှ အမျိုးသားပညာရေးအား မဟာဗျူဟာ စီမံကိန်းစနစ်ဖြင့် ဆောင်ရွက်နေမှုအကြောင်း၊ ကလေးတိုင်းကျောင်းနေရေး၊ စာမတတ်သူ ပပျောက်ရေးအကြောင်းနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူးက မွေးမြူရေးနှင့် ပတ်သက်သော အကြောင်းအရာများ စသဖြင့် ဌာနများအလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသော ကျေးရွာမှဒေသခံပြည်သူများမှ ၄င်းတို့သိရှိလိုသည်များ အား ပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာဌာနများက ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)