မိုးနဲမြို့နယ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား‌သော မြေပဲစိုက်ခင်းများ စတင်နှုတ်သိမ်း

မိုးနဲ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ မိုးရာသီ မြေပဲစိုက်ခင်းများကို ဝမ်ဟေကျေးရွာ အုပ်စု ခိုတိဝိုးကျေးရွာနေ ဒေါ်ပါညွှန့်၏ ယာခင်းတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယနေ့တွင် စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

မိုးရာသီ မြေပဲစိုက်ပျိုးရာတွင် မြေဆီလွှာကောင်းမွန်ခြင်း၊ မိုးရေလုံလောက်စွာရရှိခြင်း၊ အပူချိန် လုံလောက်စွာရရှိခြင်းနှင့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အပင်အားတိုးဆေး၊ အပွင့်အားတိုးဆေးများကို သတ်မှတ်ရက်များတွင် စနစ်တကျ အသုံးပြုစိုက်ပျိုးထားခဲ့ပြီး ယခုတွင်စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း၊ မြေပဲသီးနှံအပြင် အစေ့ထုတ်ပြောင်း၊  မုန့်ညှင်းစိမ်း၊ ပဲပုတ်တို့ကိုလည်း စိုက်ပျိုးထား‌ကြောင်း၊ မိုးနဲမြို့နယ်တွင် မြေပဲဆီ ၁ ပိဿာ ၁၄၀၀၀ ကျပ်ဖြင့် ဝယ်ယူစားသုံးနေရသဖြင့် မိသားစု ဆီဖူလုံရေးအတွက် ကိုယ်တိုင် ဆီကြိတ်၍ အသုံးပြုသွားမည်ဖြစ်ပြီး ပိုလျှံမှုရှိပါက မိသားစုအပိုဝင်ငွေရရှိရေး ရောင်းချသွား မည်ဖြစ်ကြောင်း ဒေါ်ပါညွှန့်၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)