ညောင်ဦး စက်တင်ဘာ ၂၆
ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအခမ်းအနားကို ယမန်နေ့လယ် (၂) နာရီက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပုဂံညောင်ဦးဒေသရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်အရှင်သူမြတ်များ၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှညွှန်ကြားရေးမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး တရုတ်ပညာရှင်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ (ဒေသခံ) ကော်မတီဝင်များ၊ ပုဂံညောင်ဦးဒေသ ပရဟိတအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးစာချွန်လွှာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် (၂၂-၉-၂၀၁၈) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၈) ရက်နေ့မှသာ သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းရေး စီမံကိန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး ပြုပြင်ထိန်းသိမ်းရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများအဆင်ပြေစေရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် လျာထားကာလမှာ ၁၀ နှစ် ဖြစ်ကြောင်းနှင့် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာချွန်လွှာအရ မြန်မာနိုင်ငံမှ ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် တရုတ်ပညာရှင်အဖွဲ့မှ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ကြွရောက်လာသော ဆရာတော်ကြီးများမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ မြို့နယ်သံဃနာယကဆရာတော်၊ သဗ္ဗညဩဝါဒ ဆရာတော်တို့မှလည်း ဩဝါဒစကားအသီးသီးမိန့်ကြားခဲ့ပြီး အခမ်းအနားကို ညနေ (၄) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ