ဒက္ခိဏသီရိ စက်တင်ဘာ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့မှ ကြီးမှုဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကိုက လူကုန်ကူးမှုဟာ လူသားအချင်းချင်းကို ရောင်းကုန်ပစ္စည်းသဖွယ် သဘောထားပြီး နှိပ်စက် ညှဉ်းပန်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာပြုခြင်းများကြောင့် လူကုန်ကူးခံရသူ တစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်သိက္ခာနှင့် အသက်ခန္ဓာတို့ကို များစွာ ညိုးနွမ်းပျက်စီးစေတဲ့အတွက် နိုင်ငံတော်အနေဖြင့် အရှိန်အဟုန်မြှင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေတွင် ပြဋ္ဌာန်း ထားသော ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး အဖွဲ့များအနေဖြင့် လူကုန်ကူးမှုများ စုံစမ်းစစ်ဆေးရာတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းသားများ အနေဖြင့်လည်း ပြဋ္ဌာန်းထားရှိသော ဥပဒေအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော် တိုက်ဖျက်ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စာရေးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ စုစုပေါင်း (၅၀) ဦးကို အမှတ် (၁) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်အောင်နှင့် တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုကို (ပြန်/ဆက်)