သထုံမြို့နယ်တွင် ယခုနှစ် ရာဘာရာသီစတင်ချိန် ခြံဖွင့်ဈေး ယခင်နှစ်ကထက် ဈေးကောင်းပိုရ

သထုံ စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ် ခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာဈေးနှုန်း‌ပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ် ခြံဖွင့်ရာသီကထက် ဈေးပိုရကြောင်း ဒေသတွင်းရာဘာစိုက် တောင်သူများထံမှ သိရသည်။

"ခြံက အစေးစပြီး ခြစ်နေပြီ၊ အစဆိုတော့ အစေး အထွက်နည်းသေးတယ်၊ မနှစ်ကထက်တော့ ဈေးပိုရပါတယ်၊ ခုအချိန်က ခြံထဲက ထွက်သလောက် တစ်ပတ်၊ ဆယ်ရက် တစ်ခါ စုပြီး ရောင်းတာ‌ပေါ့၊  ခုချိန်က မိုးလေ မမှန်သေးဘူးဆိုတော့ ရသလောက်နဲ့ နေလှမ်းပြားဘဲ ရောင်းပါတယ်၊ ခြံဖွင့်‌ အစေး စခြစ်တဲ့ ရာသီရောက်နေပြီဆိုပေမယ့် ကျွမ်းကျင်တဲ့ရာဘာအငှားခြစ်သူတွေ ရှာရခက်ပြီး အငှားခက်လာတာ‌ကြောင့် ဒီနယ်တကြောမှာတော့ မခြစ်နိုင်ကြသေးတဲ့ ခြံအတော်များပါသေးတယ်"  ဟု သထုံမြို့နယ် ဝင်းပကျေးရွာမှ တစ်နိုင်တစ်ပိုင်ရာ ဘာစိုက်တောင်သူ ဒေါ်မီးငယ်က ပြောသည်။

ယခင်နှစ်က ရာဘာတစ်ပေါင် ၁၂၀၀ ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်တွင် ၁၇၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့ကာ နေလှန်းပြားများကိုသာ လာရောက်ရောင်းချသူများကြောင်း ရာဘာရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"အရောင်းအဝယ် စဖွင့်တာက တစ်ပါတ်လောက်ရှိပြီ၊ ဖွင့်ချိန်က တစ်ပေါင်ကို ၁၇၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်တယ်၊ တစ်နေ့ကို ပေါင် ၄၀၀၀ လောက်တော့ ဝယ်နေရတယ်၊ ဈေးက မတည်ငြိမ်သေးဘူး တက်လိုက်ကျလိုက်နဲ့ ခုချိန်မှာတော့ တစ်ပေါင်ကို ၁၅၀၀ ကျပ်နဲ့ ဝယ်ယူနေတယ်" ဟု သုဝဏ္ဏဝတီမြို့၊ ရွှေလက်ဆောင် ရာဘာရောင်းဝယ်ရေးမှ ဆိုင်ရှင်ဖြစ်သူ ဒေါ်ထားရွှေက ပြောသည်။

ယခုနှစ်တွင် ဈေးကွက်ဖွင့်ချိန် စောပြီး ရာဘာတောင်သူအချို့မှာ လက်ရှိအချိန်အထိ လုပ်ငန်းခွင်စတင်ရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း၊ ခြံတောင်သူအချို့မှာလည်း အစေးခြစ်သူ အလုပ်သမားများ ရှားပါးနေခြင်းကြောင့် လုပ်ငန်းခွင်စတင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)