ချမ်းမြသာစည်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ချမ်းမြသာစည်    စက်တင်ဘာ ၂၆

ကျောင်းသား/သူများ စာပေဗဟုသုတရှာမှီးတတ်စေရန်၊ စာပေဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေ၏အကျိုးကျေးဇူးများကို ဆွေးနွေးတတ်စေရန်၊ စာကြည့်တိုက်ကိုအသုံးပြု၍ စာပေလေ့လာဖတ်ရှုတတ်စေရန်၊ စာဖတ်ရှိန်များမြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မောင်ခင်မင်(ဓနုဖြူ)၏"အမွေခံတစ်ယောက်၊ အမွေပေးသူတစ်ရာ"အမည်ရှိလူငယ်နှင့်ပညာဆိုင်ရာစာစုစာအုပ်မိတ်ဆက်ပွဲကို ယနေ့နံနက် ၁၀နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ကျောင်းသား/သူများအား စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်တွင် ပါဝင်သည့် "လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ"ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က "အမွေခံတစ်ယောက်၊ အမွေပေးသူတစ်ရာ" ခေါင်းစဉ်ကိုလည်းကောင်း မောင်ရှင်းသန့်ကျော်က"တပည့်တွေအကြောင်း"ခေါင်းစဉ်ကိုလည်းကောင်း၊ မကေကေခိုင်စိုးက "ဆရာမ တိုက်ကျွေးသောအားဆေးစကား" ခေါင်းစဉ်ကိုလည်းကောင်း၊ မောင်ထက်နိုင်လင်းက "ပညာ တတ်ဖို့ စာဖတ်ရမည်"ခေါင်းစဉ်ကိုလည်းကောင်း ဖတ်ပြဆွေးနွေးခဲ့ကြသည်။ ဖတ်ပြဆွေးနွေးသည့် ခေါင်းစဉ်များအပေါ် တက်ရောက်လာကြသော ကျောင်းသား/သူများက ဝိုင်း၀န်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း