သီပေါမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်

သီပေါ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းသွယ်က ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးများလုပ်သောအလုပ်နှင့်ကလေးသူငယ်အခွင့်အရေး၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့်အလုပ်များ၊ အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသည့် အလုပ်လုပ်ကိုင်နေသည့်ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှု ဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုနှင့် အလုပ်သမားဥပဒေဆိုင်ရာအချက်များ စသည့်အချက်များကို ဆွေးနွေးခဲ့သည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)