မိုင်းပန် စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွာသစ်ရပ်ကွက်ရှိ နှစ်ကျိပ်ရှစ်ဆူ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြေသန့်မင်္ဂလာ အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြေသန့်မင်္ဂလာ အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ်ခြင်း ပြုလုပ်ရာတွင် မွေတော်ပရိယတိ္တစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကောဝိဒါစာရဘိပါလ (ဂန္ထဝါစက ပဏ္ဍိတ) ဦးဆောင်၍ မြို့နယ်အတွင်းရှိသံဃာတော်အရှင်သူမြတ်များက နမောတဿ (၃) ကြိမ်ရွတ် ဆိုဘုရားကန်တော့၍ မြေသန့်မင်္ဂလာ အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ် ခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။
သံဃာတော်အရှင်သူမြတ်တို့အား လင်းခေးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး မှူး ဦးနေဝင်းနှင့်အဖွဲ့ဝင်များ၊ မိုင်းပန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ မိုင်းပန်မြို့နယ် နှစ်ကျိပ်ရှစ်ဆူဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း အများပြည်သူ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖူးမျှော်နိုင်စေရေးအတွက် မိုင်းပန်နယ် ဗုဒ္ဓဂါယာ (ကုန်းပင်း ဓာတ်တော်ကျောင်း)တိုက်မှ ဆရာတော်အရှင်ကာလိန်တ ဦးဆောင်၍ ရပ်နီးရပ်ဝေးမှ အလှူရှင်များ စုပေါင်းကာ ပန်းဥယျာဉ်ကြီးတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)