၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေး

မြစ်သား၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ − ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်အခြေအနေအား ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လုပ်ငန်းဆောင်ရွက်မည့်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းရာတွင် မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် သပြေတောင်း ကျေးရွာ အုပ်စု၊ မြင်းခြံကုန်းကျေးရွာ ရှမ်းဗျက်ကုန်းကုန်ထုတ်လမ်း (၂ မိုင် ၆ ဒသမ ၄ ဖာလုံ) အား လည်းကောင်း၊ ဆက်လက်၍ ၂၀၂၀−၂၀၂၁ ခုဘဏ္ဍာရေးနှစ် မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်း(မွမ်းမံ)ရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထားသည့် ကျီတိုင်ကျေးရွာအုပ်စု၊ ကျီတိုင်ကျေးရွာနှင့် ကံဆွယ်ကျေးရွာများအား အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့ကိုလည်းကောင်း ဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေအား ကွင်းဆင်းတိုင်းတာခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်အခြေအနေအား ကွင်းဆင်းတိုင်းတာ ခြင်းလုပ်ငန်းများကို မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာတို့က ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုမွန်(မြစ်သား၊ ပြန်/ဆက်)